"မစ္ဆားတရားဝတ်ပြုခြင်း၌ ပြုမူရသော ကိုယ်ဟန် အနေအထားများ အကြောင်းသိကောင်းစရာ"
မစ္ဆားနာသည့်အခါ ထိုင်လိုက်၊ ဒူးထောက်လိုက် (သို့မဟုတ်) မတ်တပ်ရပ်လိုက်ဖြင့် ကျွန်ုပ်တို့၏ အနေအထားကို မကြာခဏပြောင်းပါတယ်။ဘာလို့ထိုကဲ့သို့ပြု လုပ်ရတာလဲ။ ကျွန်ုပ်တို့နေချင်သလိုမနေရ ပါသလဲ။
ကိုယ်အမူအရာသည် လူတို့၏အတွင်းစိတ်၏ ခံစားချက်ကိုဖေါ်ပြပါတယ်။ အကယ်၍ စစ်သားတစ်ဦးသည် မိမိ၏အကြီးကဲ အရာရှိထံ သွားသောအခါမျိုးမှာ မိမိလက်ကို အိပ်ကပ်ထဲနှိုက်ထားပါက မလေးစားမှုကို ပြရာရောက်ပါတယ်။ အကယ်၍ ကျွန်ုပ်တို့သည် နိုင်ငံတော် သမ္မတရှေ့နှင့်တွေ့ဆုံပါက ပါးစပ်ထဲ ဆေးလိပ်ခဲပြီး လက်ကိုအိပ်ကပ်နှိုက်ကာစကားပြောနေမည် မဟုတ်ပါ။ ထိုနည်းတူစွာ ကိုယ်တော်မြတ်ပွဲတော် မစ္ဆားတရားကျင်းပသောအခါ ဘုရားသခင်၏ရှေ့တော်၌ ခန္ဓာကိုယ်အမူအရာတို့သည် ကျွန်ုပ်တို့အတွင်းစိတ်၏ အခြေအနေကိုဖေါ်ထုတ်၍ ကျွန်ုပ်တို့၏စိတ်ပါဝင်စားမှုကိုဖေါ်ပြနေပါတယ်။
(၁) မတ်တပ်ရပ်ခြင်း
မတ်တပ်ရပ်ခြင်းသည် ဆုတောင်းခြင်း၏ မူလအနေအထားဖြစ်နိုက်ပါတယ်။ ၎င်းအနေအထားကို ရှေးလူများနှင့် ဘာသာတရားများစွာတို့၌တွေ့ရှိရပေမည်။ ဂျူးစကားတွင် မတ်တပ်ရပ်ခြင်းသည် ဆုတောင်းခြင်း ဟုအဓိပ္ပါယ်ရှိပါတယ်။ သမ္မာကျမ်းစာ၌ လူတို့သည် ဘုရားသခင်၏ရှေ့တော်၌ မတ်တပ်ရပ်လျက် ဆုတောင်းကြောင်းကို မကြာခဏဖတ်ရှုရပါတယ်။
ရှေးအကျဆုံးသော ရောမမြို့  လိုဏ်ဂူများရှိ Orante အိုရန့်တဲ ဟုခေါ်သော နံရံပန်းချီ များတွင် လူတစ်ယောက် ရပ်လျက်လက်မြှောက်ကာ ဆုတောင်းနေသည်ကို တွေ့ရပါတယ်။အိုရန့်တဲသည် အသင်းတော်၏ ဆုတောင်းပုံကိုဖော်ကျူးနေခြင်းဖြစ်ပါတယ်။ ဘုရားသခင်အား ရိုသေကြောင်း လေးစားကြောင်းပြရန် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်တွင် မတ်မတ်ရပ်ကြပါတယ်။ မတ်မတ်ရပ်ခြင်းဖြင့် ကိုယ်တော်ကို အစေခံရန် အသင့်ရှိနေကြောင်းကိုလည်းပြသနေခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြောင်းကို သိရှိကြသော ကျွန်ုပ်တို့သည် မိုးကောင်းကင်ရှိ ကျွန်ုပ်တို့၏အဘရှေ့တွင်လည်း မတ်မတ်ရပ်နေကြောင်းထင်ဟပ်စေပါတယ်။
ထိုကြောင့် မစ္ဆားတရားတော်၌ ရဟန်းသည် ပရိတ်သတ်ကိုယ်စားအဖြစ်လည်းကောင်း ဘုရားနှင့်လူသားတို့ကို ဆက်သွယ်ပေးနေသော တံတားအဖြစ်လည်းကောင်း မိုးကောင်းကင်ရှိ ကျွနိုပ်တို့အဘထံ ဆုတောင်းပေးသောအခါ ကျွန်ုပ်တို့မတ်တပ်ရပ်သင့်လှပေသည်။
(၂) ဒူးထောက်ခြင်း
ဝတ်ပြု ကိုးကွယ်ခြင်း ဝိနည်းတော်အရ ဆက်ကပ်ပူဇော်သောအချိန်၌သာလျင် ကျွန်ုပ်တို့ ဒူးထောက်ရန်ဖြစ်သည်။ ဒူးထောက်ခြင်းသည် ရှိခိုးခြင်း ကိုးကွယ်ခြင်း နှိမ့်ချခြင်း အသနားခံခြင်း နောင်တရခြင်းကိုဖေါ်ပြပါတယ်။ ဒူးထောက်ခြင်းကို ဝတ်ပြု ကိုးကွယ်ခြင်း ဝိနည်းတော်၌ အတန်ကြာ နောက်ကျမှ ကျင့်သုံးလာခြင်းဖြစ်ပါတယ်။ သောကြာနေ့ကြီး ဝတ်ပြု ကိုးကွယ်ခြင်းတွင် ပရိတ်သတ်ဝတ်ပြု ခြင်း အခမ်းနားများ၌ ဒူးထောက်ခြင်း၏မူလအစကို ဖေါ်ပြပါသည်။ သခင်ယေဇူး၏ဒုက္ခစရိယာခံခြင်း ကျမ်းစာဖတ်ရူပြီးသောအခါ အလွန်ရှေးကျသော မဟာဆုတောင်းခြင်း ရှိခဲ့ပါတယ်။ ဆုတောင်းခြင်း တခုချင်း စသောအခါမျိုးမှာ ဦးပဉ္စင်းက ဒူးထောက်ကြစို့ ဟု ပရိတ်သတ်ကို ဖိတ်ခေါ်ပြီး ခဏဆုတောင်းပြီးသောအခါ ဤခဏနှိမ့်ချစွာ ဒူးထောက်ဆုတောင်းခြင်းကို အကြာကြီး တဖြေးဖြေးနှင့် အကြာကြီးပြု လုပ်လာကြပါတော့တယ်။ ထို့ကြောင့် ဒူးထောက်ခြင်းသည် မစ္ဆားတရားတွင် ဒုတိယအမူအရာ ဖြစ်လာပါတော့တယ်။ အထူးသဖြင့် ဘာသာသူတစ်ဦးတည်း တသီးပုဂ္ဂို လ် သီးသန့် ဆုတောင်းသောအခါ ဒူးထောက်ပါတယ်။ ဘာလို့လဲဆိုရင် သူတို့သည် ရဟန်းရွတ်ဆိုသော လက်တင်ဘာသာစကားကို နားမလည်းသောကြောင့် ဖြစ်ပါတယ်။ ယနေ့ အခါသမယမှာ ဒူးထောက်ခြင်းသည် တစ်ဦးတယောက်တည်း ဆုတောင်းသောအခါ ကျင့်သုံးလာသော အဓိကအမူအရာ ဖြစ်လာပါတော့တယ်။
(၃) ထိုင်ခြင်း
ရာစုနှစ်ပေါင်းများစွာတိုင်အောင် ထိုင်ခြင်းကို ဝတ်ပြု ကိုးကွယ်ခြင်း၏အမူအရာအဖြစ် မသတ်မှတ်ကြချေ ။ အဘယ့်ကြောင့်ဆိုသော် ပရိတ်သတ်အတွက် ရှေးအခါက ထိုင်ခုံများ စီစဉ်မထားသောကြောင့် ဖြစ်သည်။ အလယ်ခေတ် နောက်ပိုင်းတွင် ဘာသာသူများသည် ဖတ်ကြားသွားသော သမ္မာကျမ်းစာနှင့် တစ်ခါတစ်ရံ ရှည်လျားသော သြဝါဒများကို သက်တောင့်သက်သာ နားထောင်နိုင်ရန် အချို့  သော ဘုရားကျောင်းများ၌ ထိုင်ခုံများ ဟိုနေရာမှာတစ်ခု သည်နေရာမှာတခု ထားရှိတတ်ကြသည်။ ထိုင်ခြင်းသည် နားထောင်ခြင်းနှင့် ကမ္မဌာန်းရူခြင်းအတွက် မှန်ကန်သော အနေထားဖြစ်ပါတယ်။ ပို၍ အာရုံစိုက်နိုင်ရန် သက်သက်သာသာ အနေထား နေခြင်းဖြစ်ပါတယ်။
ထို့ကြောင့် ကျမ်းစာဖတ်နေစဉ် ဆာလံသီချင်းဆိုနေစဉ် နှင့် သြဝါဒပေးနေစဉ် အတွင်း ကျွန်ုပ်တို့ထိုင်ရခြင်းဖြစ်ပါတယ်။ ပူဇော်ခြင်းချိန်နှင့် ကိုယ်တော်မြတ်ပင့်ယူသောအခါများတွင်လည်း ကျွန်ုပ်တို့သည် ထိုင်၍ အာရုံများနှင့်စိတ်နှလုံးသုံးပါးကို ဘုရားသခင်၏ အသံကို နားထောင်ကြ အာရုံပြု ကြရပါတယ်။ ထိုင်ခြင်းသည် ပျင်းရိခြင်း မောပန်းခြင်း နှင့် စိတ်ပါဝင်စားမှုမရှိခြင်းကိုလည်း ဖေါ်ပြသဖြင့် အရှေ့တိုင်းသားများက ထိုင်ခြင်းကို မှန်ကန်သော အနေအထားဟု မသတ်မှတ်ကြချေ ။ အကြောင်းမှာ ၎င်းတို့သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော သခင်၏ ရှေ့တော်၌ ဝမ်းသာရွှင်လန်းလျက် ချစ်ခင်ရိုသေလေးစားစွာ ဘုရားသခင်ကို ချီးမွမ်းထောပနာပြု ခြင်း နှင့် ကျေးဇူးတော်တောင်းခံခြင်း ကျေးဇူးတင်ခြင်းကို ပူဇော်ကြပါသည်။

No comments:
Post a Comment